How to start writing a script?
- Soe Naing
- Nov 21, 2017
- 2 min read

လတ်တလောမှာ လူငယ်တွေ ဇာတ်ညွှန်းဘက်ကို စိတ်ဝင်စားလာကြတာ တွေ့ရတော့ ဝမ်းသာ စရာပါ။ တချိန်ထဲမှာဘဲ နီးစပ်သူ အချို့ကလည်း ဇာတ်ညွှန်းရေးတာနဲ့ ပက်သက်ပြီး မေးခွန်းလေးတွေ မေးလာလေတော့ တခြား သူတွေပါ သိရအောင် ဗဟုသုတအနေနဲ့ ရေးရရင် ကောင်းမလား တွေးမိပါတယ်။ ဒီနေရာမှာ ကြုံလို့ ပြောချင်တာက ကျွန်တော်တို့ လူငယ်တွေ လေ့လာမှု အားနည်းနေတာ ဒါမှမဟုတ် လွဲနေတာပါဘဲ။ လေ့လာချင်တဲ့ စိတ် ဆန္ဒတော့ ရှိမယ် ။ တကယ်တမ်း လေ့လာဖို့ကျတော့ ထိထိရောက်ရောက် အားမစိုက်တဲ့ သဘောပါ။ ထားတော့။ ဇာတ်ညွှန်း ရေးချင်တယ်၊ ဘယ်လိုစရေးရမလဲ? ဘယ်ကစရေးရမလဲ? ရေကူးတတ်ချင်ရင် ရေထဲဆင်း၊ စက်ဘီးစီးတတ်ချင်ရင် စက်ဘီးပေါ်တက် ဆိုသလိုဘဲ ပြောရမှာပါ။ ချင်ရုံနဲ့ မပြီးပါ၊ စဖို့ လိုပါတယ်။ အဲဒီတော့ ကျွန်တော်က မေးခွန်းပြန်မေးရမှာပေါ့။
၁။ဘာကြောင့် ဇာတ်ညွှန်း ရေးချင်ရတာလဲ။ ၂။ဘယ်လို ဇာတ်ညွှန်းမျိုးကို ရေးမှာလဲ။ ၃။ကိုယ် အားသန်တာက ဘယ်လို အကြောင်း အရာလဲ။
နံပါတ်(၁) အနေနဲ့က ကိုယ်လုပ်မဲ့ အလုပ်ကို ခိုင်မာ စေချင်တဲ့ သဘောပါ။ ကောင်းနိုးရာရာမို့ လုပ်တာထက် သာတဲ့ ရည်မှန်းချက်၊ ဦးတည်ချက်မျိုး ရှိသင့်ပါတယ်။ အသိုင်းအဝိုင်း အဆက်အသွယ် နိုးစပ်လို့၊ အလုပ်ရဖို့ လွယ်လို့ ဘာညာဆိုရင်တော့ မလုပ်ပါနဲ့။ ခု ပေါ်ပြူလာဖြစ်နေတဲ့ " ပေါကားတွေ ရပ် " ဆိုသူတွေနဲ့ တိုးပါလိမ့်မယ်။ နံပါတ်(၂) အတွက်ကတော့ ဝါသနာကိုပါလို့ ရေးတော့မယ် ဆိုရင် ကိုယ်က ဘယ်လိုဇာတ်မျိုးကို ဝါသနာပိုပါလဲ၊ စိတ်ဝင်စားလဲ ဆိုတာ စဉ်းစားသင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ လူတွေဟာ ကိုယ်ဝါသနာပါရာကို အချိန်ရရင် ရသလို စိတ်ကူးရင် တွေးတောလေ့ ရှိလို့ပါဘဲ။ အဲဒီတော့ ဝါသနာအလျောက် အတွေးအခေါ် ဗဟုသုတတွေ ပိုများတတ်ပါတယ်။ ဝါသနာ မပါတဲ့ လိုင်း မရေးရဘူးရယ်လို့တော့ မဆိုလိုပါဘူး။ နောက်ပိုင်း အတွေ့ အကြုံများလာပြီး ဝမ်းစာ ဝ လာတဲ့ အခါကြတော့ ဘာလာလာ ဖိုက်ကဒ် ပါဘဲ။ ဇာတ်ညွှန်းစ မရေးခင် ဘယ်လို ဇာတ်မျိုးဟာ ကိုယ်နဲ့ အဆင်ပြေမလဲ ရွေးသင့်ပါတယ်။ နံပါတ်(၃) ကလည်း နံပါတ်(၂) လိုပါဘဲ။ ဒါပေမဲ့ နည်းနည်းကွဲတယ်။ ဥပမာ၊- အက်ရှင်၊ အက်ရှင်ပေမဲ့ ကိုယ်ခံပညာနဲ့ တိုက်ခိုက်တာ၊ သေနက်နဲ့ တိုက်ခိုက်တာ၊ တိုက်ခိုက်တာမဟုတ်တဲ့ အက်ရှင်တွေလည်း အများကြီးပါ။ အားသာတဲ့ အမျိုးအစားကိုရေးရင် ပိုကောင်းတာကို ဖန်တီးနိုင်မှာပါ။ တကယ်တော့ ဇာတ်ညွှန်းရေးသူတစ်ယောက်ဟာ ဗဟုသုတ ကြွယ်ဖို့ လိုပါတယ်။ အတွေ့အကြုံ များဖို့လိုပါတယ်။ အရာရာ ကို ကိုယ်ချင်းစာတရားနဲ့ အစားထိုး ခံစားကြည့်တဲ့ စိတ်နဲ့ အတူ အကြောင်း အကျိုး ဆက် စပ် သိတတ် ခံစားတတ်ဖို့လိုပါတယ်။ ဒါမှလည်း အကြောင်း အရာတစ်ခုကို ပုံပေါ်အောင် ရေးတတ်မှာပါ။ ပြီးတော့ ဘက်စုံကနေ ပြန်လှန် တွေးတတ်ရပါမယ်။ သူက ဒီလိုတွေးရင်၊ပြောရင် ငါကဘယ်လိုခံစားပြီး ဘာပြန်ပြောမယ်။ နောက်တစ်ယောက်ကရော ဘယ်လို ခံစားချက်ရှိမလဲ ဆိုတာတွေကို စဉ်းစားတတ်ရပါမယ်။ တချိန်ထဲမှာဘဲ လက်ရှိ အချိန်မှာ ပတ်ဝန်းကျင်ကြောင့် ဆက်စပ်လာမဲ့ စိတ်သဘောကို ထည့်သွင်း စဉ်းစား နိုင်ရပါမယ်။ အဲဒီလိုတွေ တွေးတတ်ခြင်းအားဖြင့် စကားပြော(ဒိုင်ယာလော့) တွေရေးတဲ့ အခါ အထောက်အကူဖြစ်စေပါတယ်။ ဇာတ်ညွှန်း ကို ဇာတ်ညွှန်းပုံစံကျအောင်ရေးရပါတယ်။ လက်ရှိ လောကထဲမှာ တော့ ပုံစံမကျလည်း နားလည်ပြီးရော ရေးထားကြတာတွေလည်းရှိပါတယ်။ သူများလို လိုက်မလုပ်ပါနဲ့။ ဇာတ်ညွှန်းရဲ့ အင်္ဂါရပ်နဲ့ အညီ ရေးပါ။ ရိုက်မဲ့ ဒါရိုက်တာက နားမလည်ရင်လည်း ရှင်းပြပါ။ ( တချို့ ဇာတ်ညွှန်းကိုတောင် နားမလည်တဲ့ ဒါရိုက်တာ ဆိုသူတွေ ရှိတာ မယုံဘူးမို့လား။) ဝတ္ထုကို ကြေလည်အောင်ဖတ်ပြီး၊ ဇာတ်ညွှန်းကို စ မရေးခင် ဇာတ်ရဲ့ အဓိက ကဘာလဲ။ ဦးတည်ချက်ကဘာလဲ သေချာအောင် ချရေးပါ။ ဦးတည်ချက်ကို ရပြီဆိုရင် အဲဒီ ဦးတည်ချက်ဆီကို ဘယ်လောက်နဲ့ အရောက်သွားမယ်ဆိုတာ သတ်မှတ်ရပါတယ်။ (ပြသချိန်ပေါ့။) ပြီးရင် ဒီဦးတည်ချက်မှာ ဘာတွေရှိတယ် ဆိုတာကို ပရိတ်သတ် သိချင်လာအောင် အချက်အလက်တွေကို ရွေးပါ။ ဒါက အစဦးပိုင်းမှာ character development ပိုင်းမှာ ယှဉ်ထည့်သွားရမှာပါ။ ဒါမှ ပရိတ်သတ် စိတ်ဝင်စားမှုရှိလာမှာပါ။ ပထမ တင်ထားတဲ့ ပို့စ် ထဲက အတိုင်း ဆက်ရေးသွားရုံးပါဘဲ။ ဇာတ်တစ်ခုလုံးက ဘာကို ဦးတည်သလဲ ဆိုတဲ့ အတိုင်း အခန်းတိုင်းမှာလည်း အဲဒီအခန်းရဲ့ ဦးတည်ချက် ထောက်ပံ့ချက်ကို အရင်တွေးပြီး စကားပြောတွေကို လိုက်လျောညီအောင် ထည့်ရမှာဖြစ်ပါတယ်။ ကြွားလုံးတွေထက် အရည်အချင်းကိုပြတဲ့ စကားလုံးကို ရွေးချယ်ပါ။ ဒီဇာတ်ဝင်ခန်းဟာ ပြီးခဲ့တဲ့ အခန်းတွေနဲ့ ဆက်နွယ်တာကို ရှင်းပြမှာလား၊ ရှေ့အခန်းတွေအတွက် ပျိုးမှာလာ သတိထားပါ။ အရေးအကြီးဆုံးက အချိန်မဆွဲဖို့ပါဘဲ။ ပရိတ်သတ်က ဇာတ်နဲ့ စီးမျောပြီး သူတို့ အတွေးနဲ့ ဖြစ်စေချင်တာ ဖြစ်သင့်တာကို တွေးနေချိန်မှာ သရုပ်ဆောင်က မလိုအပ်တဲ့ စကားကြီးစကားကျယ်တွေနဲ့ ဖင်ကျယ်ပြနေရင် ဇာတ်အရှိန်ပျက်သွားတတ်ပါတယ်။ ကိုယ့်ဇာတ်ကို ကိုယ်ကိုတိုင် သတ်တာနဲ့ အတူတူပါဘဲ။ မြန်မာကား အတော်များများမှာ တွေ့ရပါတယ်။ ပြီးတော့ ပရိတ်သတ် သိပြီးသားကို သရုပ်ဆောင်ကို မပြောခိုင်းပါနဲ့။ ဥပမာ၊- တက္ကသိုလ် ကျောင်းသားအခန်းဆိုပါစို့။ " တို့ ကောင်တွေ တက္ကသိုလ် တက်ရတာက ဘယ်လို ဘယ်ညာ " ပြောတာမျိုးပေါ့။ သားက/သူက နိုင်ငံခြားကပြန်လာတာ ဘာညာ ဆိုတာတွေပေါ့။ စကားပြောအတွက် စကားလုံး၊အကြောင်းအရာ ရှာရာမှာလည်း ဒီဇာတ်ဝင်ခန်းမှာ ဘာကိုဦးတည်မှာမို့ ဘာအကြောင်းတွေကို ဘယ်လိုပြောကြမယ်၊ဘယ်လောက်ကြာကြာ ပြောကြမယ်ဆိုပြီး စဉ်းစားပါ။ ပြောနေရင်း ပတ်ဝန်းကျင်ကို ထည့်တွေးပါ။ ဥပမာ၊ ပတ်ဝန်းကျင်က ဖြစ်သွားတာလေးတွေကို ရောထည့်ပါ။ ပိုပြီး ပီပြင်သွားပါလိမ့်မယ်။ စာနဲ့ ရေးရတာ အားမရပါဘူး၊ မပြင်ဆင်ဘဲ ဖုန်းနဲ့ရေးနေတော့ ခရီးမရောက်ဘူး။ နောက်မှ ထပ်ရေးပါဦးမယ်။ လက်တွေ့ ပါးစပ်နဲ့ ပြောပြရရင်တော့ အာလူးဖုတ်တာရော ဥပမာတွေ ပြောတာရောဆိုရင် ပိုထိရောက်တာပေါ့။ ဒီမှာ ပြောချင်တာက ဆရာလုပ်တာမဟုတ်ဘူး။ စချင် ရေးချင်တဲ့ မျိုးဆက်သစ်တွေ အတွက် အုတ်တစ်ချပ် သဲတပွင့်ဖြစ်စေချင်တဲ့ သဘောပါ။
ကိုစိုး Joojar Cinematography 1/11/2017
Comments