top of page

Scripts Writing

  • Writer: Soe Naing
    Soe Naing
  • Nov 21, 2017
  • 4 min read

ဇာတ်ညွှန်း အကြောင်း မေးကြလို့ လေ့လာ မှတ်သားမိသမျှ ရေးလိုက်တယ်။ ပြီးတော့ မပြီးသေးဘူး။

" ဇာတ်ညွှန်း၊ဇာတ်ညွှန်း၊ဇာတ်ညွှန်း"

ဇာတ်ညွှန်းရေးသူဟာ ရုပ်ရှင်မှာ အလွန်အရေးပါ ပါတယ်။ ရုပ်ရှင်တစ်ကားမှာ ဇာတ်ညွှန်းသမားရဲ့ တီထွင်ကြံဆမှု၊ ခံစား ဖေါ်ကြူးမှု နဲ့ ဇာတ်လမ်းထဲမှာ အငြင်းပွားမှုတွေ လှုပ်ရှား ရုန်းကန်မှုတွေ ကြံကြံဖန်ဖန် မေးခွန်းနဲ့ အဖြေတွေကို လှည့်ပတ် တင်ဆက်မှုတွေ စွန့်စားခန်းတွေ အမျိုးမျိုး အထွေထွေ ဟာ ရုပ်ရှင်ရဲ့ အရည်အသွေးပါဘဲ။အဲဒီလို ဘက်ပေါင်းစုံကနေ တွေးခေါ် လှည့်ပတ်ပြီး ရုပ်ရှင် ကြည့်သူ ပရိတ်သတ်ရင်ထဲကို ခံစားမှု ရသတွေ ပေးပို့သူလည်း ဖြစ်ပါတယ်။ ( မြန်မာ ဒါရိုက်တာတွေ တပ်ထားတဲ့ _____ရဲ့ အတွေးပုံရိပ်တို့၊ ______ ကိုယ်ပိုင် တီထွင်မှုတို့၊ ဆိုတာတွေကတော့ ဘာအဓိပ္ပါယ်နဲ့ တပ်ထားတယ် ဆိုတာ မသိပါဘူး။) အဲဒါနဲ့ ပက်သက်ပြီး တွေးမိတာကတော့ မြန်မာ ဇာတ်ညွှန်းသမားတွေ ရဲ့ ကဏ္ဍဟာ မတောက်ပြောင် သေးဘူး လို့ မြင်မိပါတယ်။ ဝတ္ထုကိုအခြေခံလို့ ဖြစ်ဖြစ်၊ တဆင့်ပြောပြတဲ့ ဇာတ်လမ်းဖြစ်ဖြစ်၊ တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံလို့ ဖြစ်ဖြစ် ရုပ်ပြဇာတ်လမ်း ဖြစ်ဖြစ် ကဗျာ တစ်ပုဒ်ကို အခြေခံလို့ဖြစ်ဖြစ်၊ အော်ပဒါ ပြဇာတ်ကို အခြေခံလို့ ဖြစ်ဖြစ် ဇာတ်ညွှန်းသမားက တီထွင်ကြံဆပြီး မူရင်း ဇာတ်ကို အမွှန်းတင် မွန်းမံရပါတယ်။ ရိုးရှင်းတဲ့ ဇာတ်ကြောင်းလေးကိုတောင် ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်အောင် ဖန်းတီးလေ့ရှိပါတယ်။ ရေးတယ်ဆိုတာ မှာလည်း ဇာတ်ညွှန်းကို ပုံစံကျအောင် ရေးရပါတယ်။ အဲဒါကြောင့်လည်း ဇာတ်ညွှန်းသမားဟာ ရုပ်ရှင်မှာ ဆရာကြီး နေရာမှာရှိပါတယ်။ အခကြေးငွေလည်း ထိုက်ထိုက်တန်တန်ရကြပါတယ်။(မြန်မာတွင် မဟုတ်၊) ဇာတ်ညွှန်းကို အပြတ် ရောင်းတာ ရှိသလို ရုပ်ရှင်ပြီးတဲ့ အထိ ရာခိုင်နှုန်းနဲ့ ရကြတာတွေလည်း ရှိပါတယ်။

ဇာတ်ညွှန်းဆိုရာမှာ ဖျော်ဖြေရေး နဲ့ ဆိုင်ရာ ကဏ္ဍအလိုက် ပုံစံ အမျိုးမျိုး ကွဲပြားပါသေးတယ်။ ဇာတ်ညွှန်း တစ်ခုကိုဘဲ မတူညီတဲ့ တင်ဆက်မှု အနေအထားအတိုင်း မတူညီတဲ့ ဇာတ်ညွှန်းပုံစံတွေ လုပ်ကြရပါတယ်။ အဲဒါကြောင့် ဇာတ်ညွှန်းသမားက ပိုပြီး တာဝန်များပါတယ်။ ဇာတ်ညွှန်း ဆိုပေမဲ့ ဘာတွေ ကွဲပြားသလဲဆိုတော့_ ၁။ Spec script ၂။ Commissioned screenplay ၃။ Feature assignment writing ၄။ Rewriting and script doctoring ၅။ Television writing ၆။ Writing for daily series ၇။ Writing for game shows ၈။ Video game writing ဆိုပြီး အမျိုးအစားတွေ ကွဲပြားနေပါသေးတယ်။

၁။Speculation script writing ဒီအမျိုးအစားမှာ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အတွက် အဓိကထားတဲ့ ဇာတ်ညွှန်းမျိုးပါ။ ရေးထားတဲ့ ဇာတ်ညွှန်းကို ရောင်းတာများပါတယ်။ ကော်မရှင် စားတာတို့ TV မှာ ကြော်ငြာထည့်ခရတဲ့ ထဲက အချိုးကျရတာတို့မရှိပါဘူး။ ဒီလိုဇာတ်ညွှန်းမျိုးကို ဟောလီးဝုဒ် အသိုင်းအဝိုင်းမှာ အများဆုံးဦးတည်ကြပေမဲ့ အရေအတွက် အနည်းစုသာ ထိုးဖေါက်နိုင်ကြတာတွေ့ရတယ်။ ဒီလို ဇာတ်ညွှန်းတွေဟာ လုံးဝ ပင်ကိုယ် အတွေးအခေါ်တွေနဲ့ ဖန်တီးကြတာများပေမဲ့ မှီငြမ်းတာတွေလည်း ရှိပါတယ်။

ရုပ်မြင်သံကြား အတွက် နမူနာ ဇာတ်ညွှန်းတွေကျတော့ ဇာတ်ညွှန်းသမားရဲ့ ဗဟုသုတ အတွေးအခေါ်တွေကို ထင်ဟပ် စေမဲ့အကြောင်းအရာတွေကို သရုပ်ဖေါ်ပြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ရုပ်မြင်သံကြား အစီအစဉ် တာဝန်ခံ( producer=ငွေထုတ်သူမဟုတ်) ဆီကို နမူနာ သဘော ဒါမှမဟုတ် ကိုယ့်ဇာတ်ညွှန်းကို ဝယ်အောင် ဒါမှမဟုတ် ဇာတ်ညွှန်းရေးသမားအဖြစ် ငှါးအောင် ရည်ရွယ်ပါတယ်။ များသောအားဖြင့် တစ်ပုဒ် နှစ်ပုဒ်ရေး ခိုင်းလေ့ ရှိပါတယ်။

ဒီလို ရုပ်ရှင် ဇာတ်လမ်းကြီး တစ်ခုလုံးရေးရတဲ့ ဇာတ်ညွှန်းဆိုတာ ဇာတ်ညွှန်းသမားတိုင်းရဲ့ အိပ်မက်ဖြစ်ပေမဲ့ သတိပြုစရာ အချက်တော့ ရှိပါတယ်။ ဘာလဲဆိုတော့ နမူနာ ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးရမှာဖြစ်သလို ပရိုဂျူဆာ ဆီကို ပေးတဲ့ ရေးပေးရမဲ့ အနေအထားမှာလည်း သဘောတူညီမှု စာချုပ် မချုပ်ဘဲ မရေးပေးသင့်ပါဘူး။ ပြီးတော့ ဇာတ်ညွှန်းရေးတဲ့ အထဲမှာ ကင်မရာ မြင်ကွင်းအနေအထားတွေ၊ လှုပ်ရှားမှုတွေလည်း ထည့်မရေးသင့်ပါဘူး။ ချန်ထားသင့်တာတွေကို ချန်ထားရမှာပါ။ ရုပ်ရှင်ကို ရိုက်မဲ့ ဒါရိုက်တာက ရိုက်ညွှန်းအဖြစ် ပြန်ရေးပါလိမ့်မယ်။ ဒါမှလည်း ဒါရိုက်တာရဲ့ ဇာတ်ညွှန်းအပေါ် ခံစားချက် အတွေးအမြင်ကို ပေါင်းစပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါရိုက်တာဟာ ရိုက်ညွှန်းပြန်ရေးမယ်ဆိုရင် မူရင်း ဇာတ်ညွှန်းသမားနဲ့ တိုင်ပင် ဆွေးနွေးမှုတွေ ရှိရပါမယ်။ ဒါမှမဟုတ်ရင် ဒီဇာတ်လမ်းရဲ့ ပရိုဂျူဆာ သဘောကျ ကျေနပ်မှုရှိမရှိ ညှိနှိုင်းရပါမယ်။

တကယ်တော့ ဒီလို ရုံကြီးကားအတွက် ဇာတ်ညွှန်းဆိုတာ အတော်ကို ကောင်းမွန်တဲ့ ဇာတ်ညွှန်းဖြစ်ရပါမယ်။ဒါမှလည်း ပရိုဂျူဆာ မျက်စေ့ကျနိုင်မှာပါ။ ကိုယ့် ဇာတ်ညွှန်း ရောင်းရဖို့ ပထမ အရေးကြီးတာက ဇာတ်လမ်းရဲ့ နာမည်ပါဘဲ။ မြင်လိုက်တာနဲ့ ဆွဲဆောင်မှု ရှိရပါမယ်။ အရေးအသားကောင်းကောင်းနဲ့ ရေးထားတဲ့ ဇာတ်လမ်းကိုပေါ်လွင်စေတဲ့ အညွှန်းစာသား ကလည်း လိုအပ်ပါတယ်။ ( ဥပမာ _ တောတွင်း စွန့်စားမှု၊ သဲထိပ်ရင်ဖို စုံထောက်ဇာတ်လမ်း ဘာညာ ဆိုတာမျိုးပေါ့။) ပြီးရင် အဓိက ဇာတ်ကောင် အကြောင်းကို ရေးပြရမှာဖြစ်ပါတယ်။ အဓိက ဇာတ်ရဲ့ လှည့်ကွက်ကလေးတွေနဲ့ ယှဉ်ပြသင့်ပါတယ်။ များသောအားဖြင့် ခေါင်းစဉ်နဲ့ ဒီလို ဇာတ်မြည်းစာသားတွေကိုကြည့်ပြီး ဆုံးဖြတ် ( စဉ်းစား) ကြတာများတာကြောင့် အရေးကြီးပါတယ်။ ကိုယ့်ဇာတ်ညွှန်းကို သုံးမယ် မသုံးဘူးဆိုတာဟာ ဒီဟာပေါ်မှာ အများကြီး မူတည်နေပါတယ်။

၂။Commissioned screenplay ဒါကတော့ ရှင်းပါတယ်။ ရုပ်ရှင် ကုမ္ပဏီ ဒါမှမဟုတ် ရုပ်မြင်သံကြား ဌာနကနေပြီး ဇာတ်ညွှန်းသမားကို ငှါးလိုက်ပြီး ရေးခိုင်းတာ ဖြစ်ပါတယ်။ ကော်မရှင်နဲ့ ဆိုပေမဲ့ ငွေပေးပုံ တစ်နေရာနဲ့ တစ်နေရာ ကွာပါတယ်။ လစား ဒါမှမဟုတ် ရေးရတဲ့ ဇာတ်ညွှန်းကို လိုက်လို့ ဆိုတာမျိုးတွေပါ။ ဇာတ်လမ်းနဲ့ ပက်သက်လို့လည်း ဇာတ်လမ်းကျောရိုးရှိပြီးသားဖြစ်တတ်ပါတယ်။ ပြီးတော့ ဇာတ်ညွှန်းရေးသမား တစ်ဦးထက်ပိုပြီး ရှိတတ်ပါတယ်။ အားလုံး ပေါင်းရေးတဲ့ သဘောပေါ့။

၃။Feature assignment writing ဒီအမျိုးအစားကတော့ ပရိုဂျူဆာ ဒါမှမဟုတ် ထုတ်လုပ်ရေး ကုမ္ပဏီ ဒါမှမဟုတ် စတူဒီယိုတွေနဲ့ စာချုပ်ထားပြီး အပိုင်းဖြတ်စီ ရေးပေးရတဲ့ သဘောပါ။ များသော အားဖြင့် ဇာတ်ညွှန်းတစ်ခုလုံး ပြီးတဲ့ အချိန်မှာ အပိုင်းလိုက် ပြန်ရေးခိုင်းတာ( မူရင်းမပျက်) ဖြစ်ဖြစ်၊ ကိုယ့်စိတ်ကြိုက် ရေးရတာဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ ဇာတ်ညွှန်းရေးသူ အနေနဲ့လည်း မိမိ အယူအဆ အတွေးခေါ် တွေရေးပြီး တင်ပြနိုင်ပါတယ်။ မူရင်း ဇာတ်ညွှန်းနဲ့ ဆက်စပ်မှုတွေရှိရမှာဖြစ်ပါတယ်။ ကိုယ့် ကိုယ်ပိုင်အတွေးအခေါ်နဲ့ သီးခြားရေးထားတာတွေကိုလည်း ဖြည့်စွက်နိုင်ပါတယ်။ မူရင်း ဇာတ်လမ်းနဲ့ ဆက်စပ်တာဖြစ်ဖို့တော့ လိုတာပေါ့နော်။

၎။Rewriting and script doctoring ရုပ်ရှင် အများစုဟာ ပြန်ရေးထားတဲ့ ဇာတ်ညွှန်းတွေ ဖြစ်ပါတယ်။ရုပ်ရှင် ကုမ္ပဏီတွေဟာ ဇာတ်ညွှန်းတွေကို ဝယ်ပြီးတော့ သူတို့ စိတ်ကြိုက် ပြန်ရေးလေ့ရှိပါတယ်။ ဒီလိုပြန်ပြီး ရေးတယ်ဆိုတာမှာလည်း မူရင်း ဇာတ်ညွှန်းသမားကို ပြန်ရေးခိုင်းတာ မဟုတ်ပါဘူး။ အဲဒီတော့ ဝါရင့် ဇာတ်ညွှန်းရေးသူဖြစ်ဖြစ် လူသစ်ဘဲဖြစ်ဖြစ် သူတို့ရဲ့ ဇာတ်ညွှန်းကို လက်လွှတ်ကြရပါတယ်။ အများအားဖြင့် ခရက်ဒစ်ထိုးချိန်မှာ သူတို့နာမည် မပါတော့ ပါဘူး။ ဝင်ငွေရရှိရေးအတွက် အဲဒီလို လုပ်စားနေရတဲ့ ဇာတ်ညွှန်းသမားတွေ ရှိပါတယ်။ လမ်းထဲမှာလည်း မကြာခန တွေ့ရတတ်ပါတယ်။ တခါတရံ ဇာတ်ရဲ့ ရည်ရွယ်ချက် ဒါမှမဟုတ် ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုတွေ ကောင်းနေပေမဲ့ ဇာတ်လမ်းတင်ပြပုံမှာ ညံ့နေတတ်ပါတယ်။ အဲဒီလို ဖြစ်ရင် နောက် ဇာတ်ညွှန်းသမား ဒါမှမဟုတ် ဇာတ်ညွှန်းရေး အဖွဲ့ကို အသစ်ပြန်ရေးခိုင်းပါတယ်။ တကယ်လို့ အနည်းငယ်သာ ဆိုရင်တော့ ဘယ်စာမျက်နှာကို ပြန်ရေးတယ် ဆိုတာကို ခေါင်းစီးတပ်ပေးကြရပါတယ်။ ဥပမာ- စကားပြော အဆင်မပြေတာတို့ ဇာတ်ကောင် အဝင်အထွက် အဆင်မပြေတာတို့ ပါ။ စောစောက ပြောခဲ့သလို နာမည် ထိုးတဲ့ကိစ္စမှာ ပြန်ပြင်ရတဲ့ အတိုင်းအတာ ပေါ်မှာလည်းမှုတည်ပါတယ်။ ဇာတ်ညွှန်းရဲ့ ၅၀% နဲ့ အထက်ကို ပြန်ရေးရတယ် ဆိုရင် ပြန်ရေးသူရဲ့ နာမည် ထိုးပါတယ်။( အမေရိက မှာ နော်။) ဒီလိုမျိုးကိစ္စတွေကလည်း ဇာတ်ညွှန်းသမားတွေအတွက် စိတ်မချမ်းမြေ့စရာတော့ ဖြစ်မှာ အမှန်ပါဘဲ။ ဒီလို ဇာတ်ညွှန်းကို ပြန်ရေးဖို့ ဆိုတာကလည်း ရုပ်ရှင် ရိုက်ကူးရေးတွေ လုပ်နေရင်းမှာ ဖြစ်လေ့ရှိကြပါတယ်။ Development process တဝက်တပျက်ကျမှ အဆင်မပြေတာတွေ တွေ့လာရတော့မှ ပြင်ကြတာများပါတယ်။ အဲဒီအချိန်မှာ ကျွမ်းကျင်တဲ့သူ ကိုခေါ်ပြီး ပြကြည့်ကာ ဘယ်လိုပြန်ပြင်ရင် ကောင်းမလဲ တိုင်ပင်ပြီး ပြင်တာဖြစ်လို့ အဲဒီ ဇာတ်ညွှန်း ပြင်ရေးသူကို ဇာတ်ညွှန်း ဆရာဝန်လို့လည်း ခေါ်ပါတယ်။ ဟီးးး။ Christopher Keane, Steve Zaillian, William Goldman, Robert Towne, Mort Nathan, Quentin Tarantino နဲ့ Peter Russell တို့ဟာ ဇာတ်ညွှန်း ဒေါက်တာ အဖြစ် ကျော်ကြားပါတယ်။ လူသစ်တန်းတွေ ကိုတော့ တစ္ဆေ ဇာတ်ညွှန်းသမား( ghost writers ) တွေလို့ ပြောလေ့ရှိပါတယ်။

၅။Television writing ရုပ်မြင်သံကြား အတွက် ဇာတ်ညွှန်းရေးရတာကတော့ များသောအားဖြင့် ဇာတ်လမ်းတွဲတွေ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲ ဆိုတော့ မပြီးသေးတဲ့ ဇာတ်လမ်းကို အပိုင်းအလိုက် နဂို ဇာတ်ကို ရေးရတာရှိသလို အသစ်ရေးရတာလည်းရှိပါတယ်။ freelance အနေနဲ့ ရေးကြတာရှိသလို စာချုပ်ပြီး ရေးကြတာမျိုးလည်း ရှိပါတယ်။ ဇာတ်လမ်းတွဲ တစ်ခုကိုဖြစ်ဖြစ် ဇာတ်လမ်းတစ်ခုကိုဖြစ်ဖြစ် ရေးပြီး ပေးပြီးရင် အဲဒါကိုဘဲ ပြန်ပြီးပြင်ဆင်ရေးကြတာတွေ ရှိပါတယ်။

ရုပ်မြင်သံကြား ဌာနတွေမှာ ဝန်ထမ်း ဇာတ်ညွှန်းသမားတွေ ရှိတာများပါတယ်။ သူတို့ အနေနဲ့လည်း အသစ်ရေးတာရှိသလို့ ပြင်ရတာတွေလည်းရှိပါတယ်။ ဝန်ထမ်းဇာတ်ညွှန်းသမားတွေကို စာတမ်းထိုးတဲ့အခါ story editor တို့ producer တို့ အဖြစ် ထိုးကြလေ့ရှိပါတယ်။ မူရင်း ဇာတ်လမ်းတွဲနာမည်ကတော့ မပြောင်းလဲဘူးပေါ့။

၆။Writing for daily series ဒီအမျိုးအစားကတော့ ရုပ်မြင်သံကြား အထူးအစီစဉ်တွေနဲ့ မတူပါဘူး။ daily series ဆိုတဲ့ အတိုင်း တစ်နေ့ကို နည်းနည်းစီပြတဲ့ အပိုင်းလေးတွေဖြစ်ပါတယ်။ နေ့စဉ် သတ်မှတ်ချိန်မှာ ပြလေ့ရှိပါတယ်။ သူကတော့ ဇာတ်လမ်းတွဲတွေလို မျိုးမဟတ်ဘဲ တစ်နေ့တာအတွက်ကို ကွန်ဖလစ်တွေ မပါဘဲ ပုံမှန်တင်ဆက်သွားလေ့ရှိပါတယ်။ ဇာတ်ကောင်တွေ အများကြီးပါဝင်ပြီး အပိုင်းလိုက်ပြသွားတဲ့ ဇာတ်မျိုးဖြစ်ပါတယ်။ အီးလိုတော့ soap operas ဒါမှမဟုတ် telenovelas လို့ခေါ်ပါတယ်။ သဘောသဘာဝချင်း တူပါတယ်။

နာမည်ကြီး ဇာတ်ညွှန်း ဆရာအချို့က ဇာတ်လမ်းတစ်ခုလုံး အစအဆုံး ကို အပေါ်ယံ သဘောသာ ရေးကြလေ့ရှိပါတယ်။ အဲဒါကိုမှ အလယ်လတ်တန်း ဇာတ်ညွှန်းသမားတွေက ပီပြင်တဲ့ ဇာတ်လမ်း အပိုင်းတွေ ဖြစ်လာအောင် ရေးကြလေ့ရှိပါတယ်။ ဒီအဆင့်ထိ ပြီးပြည့်စုံတဲ့ ဇာတ်ညွှန်းအဆင့်မဟုတ်သေးဘဲ အောက်လိုင်း အဆင့်သာဖြစ်ပြီး၊ သူတို့ရဲ့ အောက်မှာမှ အဲဒီ outlines တွေကို dialogue (စကားပြော) တွေ ရေးတဲ့ ဇာတ်ညွှန်းသမားတွေ ရှိပြန်ပါတယ်။ ဒီဇာတ်ညွှန်းသမားတွေကြတော့ အနယ်နယ် အရပ်ရပ်မှာနေကြပြီး ပို့လာတဲ့ အောက်လိုင်းတွေ အရ ရေးကြလေ့ ရှိပါတယ်။ ပေးလာတဲ့ အောက်လိုင်းအရ မြန်မြန်ဆန်ဆန်ရေးပြီး ပြန်ပို့ကြပါတယ်။

၇။Writing for game shows ကစားပွဲတွေအတွက် ရေးရတဲ့ ဇာတ်ညွှန်းပါ။ Show တွေမှာပါဝင်မဲ့ သူတွေ ကဘဲ အဆင်ပြေသလို ပြောကြတာ မှန်ပေမဲ့ အစီစဉ်တကျ ဖြစ်စေရန် တစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက်ပိုတဲ့ အဖွဲ့က စီစဉ်ပြီး ရေးလေ့ရှိပါတယ်။ ပြသတင်ဆက်နေစဉ်မှာဘဲ ကြားဖြတ်ပြီး host( ဥပမာ၊ ကျော်ထက်အောင်) ကပြောရတာတွေ ပါဝင်ပါတယ်။ သူ့အတွက် စကားပြောတွေကို ရေးပေးရပါတယ်။ ဒီကြားထဲမှာ မေးခွန်းများ မေးလာခဲ့ ရင်လည်း ဘယ်လို ဘယ်လောက် အချိန်ပေး ဖြေကြားရမယ် ဆိုတဲ့ အစီစဉ်တွေ ပါဝင်ပါတယ်။ များသော အားဖြင့်တော့ show မှာပါဝင်သူတွေက စကားပြောတွေကို အတိအကျ ပြောရလေ့မရှိပါဘူး။ တချို့ တွေဆိုရင် အဆင်ပြေသလို လက်တန်းပြောကြရပါတယ်။ ဒါပေမဲ့ သူတို့ အမူအရာ(action) တွေကိုတော့ producer နဲ့ ညှိနှိုင်းမှုတွေရှိရပါတယ်။

၈။Video game writing ဒါကတော့ အပေါ်ကဟာနဲ့ နာမည်က ဆပ်ဆင်ဆင်ပေမဲ့ မတူပါဘူး။ Game တွေကို လူကြိုက်များပြီး ကောင်းသထက်ကောင်းလာအောင်၊ အစီစဉ်ပိုကျပြီး ဆွဲဆောင်မှု ရှိအောင် ဇာတ်ညွှန်းကို စနစ်တကျ ရေးရပါတယ်။ Game design တွေနဲ့ ရှေ့နောက် ဆက်စပ်မှုတွေကို အဓိကထားပြီးရေးကြရပါတယ်။ ဒီ Video game ဇာတ်ညွှန်းရေးသူတွေဟာ Game ကို ဒီဇိုင်းလုပ်သူနဲ့ နီးနီးကပ်ကပ် တိုင်ပင်ပြီး ရေးရပါတယ်။ ဒါမှလည်း ပီပြင်တဲ့ Game characters နဲ့ ဆက်စပ် အကြောင်းအရာတွေ၊ စကားပြောတွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ ဇာတ်ညွှန်းရေးတယ်ဆိုတာမှာ ပုံသေနည်း လိုမျိုးရှိရပါတယ်။ ဒီပုံစံကလည်း ရိုးရာဓလေ့တစ်ခုလို ဖြစ်နေတဲ့ ရေးနည်း ပုံစံပါဘဲ။ ဘာနဲ့ တူလည်းဆိုတော့ သံစဉ် နုတ်တွေလိုပါဘဲ။ ဘယ်အနုပညာရှင်(ဂီတပညာရှင်) ကြည့်ကြည့် နားလည်တဲ့ အမှတ်သင်္ကေတ( နုတ်) တွေလိုပေါ့။ ဇာတ်ညွှန်းရေးရတဲ့ ပုံစံ( form) ကလည်း အဲဒီအတိုင်းပါဘဲ။ ဇာတ်ညွှန်းဟာ ဇာတ်လမ်းတိုတို့ ဝတ္ထုတို့နဲ့ ရေးပုံချင်းမတူပါဘူး။ ဇာတ်ညွှန်းဟာ ဇာတ်ရဲ့ ရည်ညွှန်းချက်ကို စကားလုံးတွေနဲ့ ကိုယ်စားပြု ရေးပြရတာလို့ ပြောရမလားဘဲ။ ဇာတ်ကောင်တွေရဲ့ စိတ်ထဲမှာတင် တွေးနေတာတွေကိုပါ မြင်လာအောင် ချပြနိုင်ရပါတယ်။ ဇာတ်လမ်းတစ်ခုလုံး ဖြစ်ပျက်ပုံ အသေးစိတ်ကိုပါ မြင်လာအောင် ရေးပြရပါတယ်။ စိတ်တွင်း ခံစားနေရတာတွေ အမူအရာတွေ၊အဖြစ်အပျက်တွေကို စကားလုံး နဲ့ ကိုယ်စားပြု ပေါ်လွင်အောင် ရေးရပါတယ်။

ဒီ ဇာတ်ညွှန်းရေးတဲ့ theories တွေမှာ ပုံစံ တည်ဆောက်မှု နည်းစနစ်ကျခြင်း၊( systematizing the structure )၊ ဦးတည်ချက်( goals ) နဲ့ ဇာတ်ညွှန်းတင်ပြပုံ နည်းပညာ (techniques of writing a script) တွေ ပါဝင်ပါတယ်။ အရေးအကြီးဆုံးကတော့ တည်ဆောက်မှု ပုံစံဘဲ ဖြစ်ပါတယ်။ ဒီ ပုံစံ နဲ့ ပက်သက်လို့ ပို့စ်တင်ထားတာ ရှိပါတယ်။

ပုံစံ( structure) မှာ ဥပဒေသ ၃ ခုရှိပါတယ်။ ၁။ setup (of the location and characters) နေရာဒေသ (ခောတ်ကာလ အပါဝင်) နဲ့ ဇာတ်ကောင်တွေကို စီစဉ်ရပါမယ်။ ၂။confrontation. ဖြစ်ပျက်တာတွေကို ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းခြင်း၊ ၃။resolution. ဇာတ်သိမ်းပိုင်းပါ။ ဥပဒေသ ၂ မှာ ဇာတ်ဟာ ရုပ်လုံးပေါ်လာပြီး ဘယ်လို အဆုံးသတ်မယ်ဆိုတဲ့ အပိုင်း ပါဘဲ။ အများအားဖြင့် ပြသချိန် ၂ နာရီကြာတဲ့ ရုပ်ရှင်တစ်ကားမှာ ဥပဒေသ တစ်နဲ့ သုံးဟာ မိနစ် ၃၀ စီလောက်ရှိပါတယ်။ အဲဒီတော့ အလယ်ပိုင်းဟာ တစ်နာရီလောက် ကြာတာပေါ့။ ဒါပေမဲ့ ဒီနေ့ခောတ်မှာတော့ ရုပ်ရှင် တော်တော်များများဟာ ဥပဒေသ ၂ ထဲက အချက်ကျတဲ့ နေရာကနေစပြီးတော့မှ ဥပဒေသ တစ်ကနေ ပြကြတာတွေ များပါတယ်။ နောက်ဆုံးကနေ စပြီးမှ ဥပဒေသ တစ်ကနေ ပြန်စ တာတွေ မျိုးလည်းရှိပါတယ်။


Comments


Featured Posts
Recent Posts
Archive
Search By Tags
Follow Us
  • Facebook Basic Square
  • Twitter Basic Square
  • Google+ Basic Square

© 2023 by Name of Site. Proudly created with Wix.com

  • Facebook Social Icon
  • Twitter Social Icon
  • Google+ Social Icon
bottom of page