ရုပ်ရှင် ဇာတ်ညွှန်းဘယ်လိုရေး သလဲ?
- Soe Naing
- Nov 22, 2017
- 3 min read

ရုပ်ရှင် လောကမှာ ပြိုင်ဆိုင်မှုတွေ၊ ထိုးနှက်တိုက်ခိုက်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ရေသာခို အခြောင်လိုက် ခိုးချပြီး ကိုယ်ပိုင်တီထွင်မှုလို့ အော်နေကြသူတွေလည်း မနည်းလှပေ။ ညစ်ပတ်မှုတွေနဲ့ ပြည့်နေတယ် လို့ဆိုရင်လည်း မမှားပေ။ ထားတော့။ ရုပ်ရှင်နဲ့ပက်သက်တဲ့ ဖန်တီးမှုဆိုင်ရာ အတွေးခေါ်ကောင်းတွေ အမြဲမပြတ် ရှိနေဖို့ လိုအပ်လှပေသည်။ ဇာတ်ညွှန်းကောင်း တစ်ပုဒ်မရှိဘဲ ရုပ်ရှင် ဇာတ်ကားကောင်းတစ်ခု ဘယ်သောအခါမျှ ဖြစ်လာမည်မဟုတ်ပေ။ ရုပ်ရှင်တွင် ဇာတ်ညွှန်းသည် အလွန် အရေးကြီးပေသည်။ ဤမျှ အရေးကြီးလှသော ဇာတ်ညွှန်း ကဏ္ဍကို မြန်မာ ရုပ်ရှင်ဆရာကြီးအချို့ လူစွမ်းကောင်း ဒါရိုက်တာကြီး အချို့က လျစ်လျှူရှုထားကြကာ လက်စွမ်းပြနေကြလေသည်။ သို့သော် စိတ်ဓါတ်မကျပါနှင့်။ မိမိ၏ ဇာတ်ညွှန်း ဝါသနာကို ရှေ့တန်းတင်ပြီး တက်အားသ၍ အရောင်တင်ရန်သာ ဖြစ်ပါသည်။ ဇာတ်ညွှန်း တစ်ပုဒ်ရေးရာတွင် ဦးစွာ အနေဖြင့် ပုံစံကျဖို့လိုပါသည်။ ဇာတ်ညွှန်း အင်္ဂါရပ်နှင့် အညီ အထားအသို မှန်ကန်ရန် လိုအပ်ပါသည်။ ပုံစံမကျသော ဇာတ်ညွှန်းအား ထုတ်လုပ်သူ သို့မဟုတ် ဒါရိုက်တာများမှ ဖတ်၍ပင်ကြည်မည်မဟုတ်ချေ။ ထိုအခါ မိမိ မည်မျှပင် ကျိုးစားအားထုတ်ထားသည်ဖြစ်စေ အချည်းနှီးသာလျှင်ဖြစ်သွားတတ်ပေသည်။ မိမိရေးထားသည့် ဇာတ်ညွှန်းအား ငွေရောင် ပိတ်ကားကြီးပေါ်တွင် မြင်ရရန် အခွင့်အရေးများကို ဖန်တီးရန်အလို့ငှါ အောက်ပါနည်းများကို လေ့လာအပ်ပေသည်။ ( ဟီး...ခပ်တည်တည်ဘဲ။) (၁) မိမိရေးမည့် ဇာတ်ညွှန်း အမျိုးအစားကို ကောင်းစွာ နားလည်ရန်လိုအပ်သည်။ ထိုသို့ နားလည်ပြီးသည့်အခါတွင်မှ_ ရုပ်ရှင် သို့မဟုတ် ဇာတ်လမ်းတွဲရဲ့ သဘောသဘာဝ၊ အသံပံ့ပိုးမှု့ နှင့် စကားပြော များကို မှတ်စု အဖြစ်ချရေးရမည် ဖြစ်သည်။ • ဇာတ်ညွှန်းဟူသည် တစ်ဦးတစ်ယောက်တည်း ရေးပြီး၍ ဆုံးဖြတ်ရခြင်းမျိုး မဟုတ်ချေ။ ရေးပြီးသောအခါ ပြန်လှန်ဖတ်၍ ထပ်စဉ်းစား ဖြည့်စွက်ခြင်းများ၊ မကြိုက်သည်များအား ပြန်လည်ပြင်ဆင်ရေးခြင်းများ လုပ်ရလေ့ရှိသည်။ မိမိ စိတ်ကြိုက် ဖြစ်ပြီးလျှင်ပင် ထုတ်လုပ်သူ သို့မဟုတ် ဒါရိုက်တာအား မိမိတွေးခေါ်ထားသည်များကို ရှင်းလင်းပြောပြရန် လိုအပ်ပေသည်။ ထိုနည်းတူစွာ သရုပ်ဆောင်များကိုပါ ရှင်းပြသင့်ပေသည်။ ( အဲလိုသာရေးစားရရင်တော့ ငတ်ရချည်ရဲ့လို့ မေးရင်တော့ ကောင်းအောင်ရေး၊တန်အောင်တောင်းလို့ဘဲ ပြောရမှာပါ။ ဂျိ။) • ရုပ်ရှင် ဆိုတာ အကြားရော အမြင်ပါ ပြရသည်ကို သတိပြုပါ။ ထို့အတူ ဇာတ်ညွှန်းရေးသောအခါ မိမိကိုယ်တိုင် ထိုင်ပြီး ကြည့်နေသည်ဟုသဘောထားကာ ကြည့်ရှုသူနေရာမှ အမြဲခံစား တွေးတော၍ ရေးရမည်။ရေးနေစဉ်တွင် ပိတ်ကားပေါ်တွင် မြင်နေရမည့် ရုပ်သံတို့ကို အထူးခံစားပြီးရေးရမည်။
(၂ ) မိမိ ကြိုက်နှစ်သက်သော ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ညွှန်းအား ခံစားပုံဖော်ကြည့်သင့်သည်။ နိုင်ငံခြားတွင် ရုပ်ရှင်၏ ဇာတ်ညွှန်းကို ရှာ၍ ဖတ်နိုင်သည်။ မြန်မာပြည်တွင် မရနိုင်ပါ။ ( ကျွန်တော်၏ ကားများထွက်ပြီးသောအခါ ထိုကား၏ ဇာတ်ညွှန်းကို တင်ပြသွားပါမည်။) စာဖတ်သူသည် အီးလိုဖတ်နိုင်ပါလျှင် အင်တာနက်တွင်ရှာဖွေ၍ လေ့လာနိုင်ပါသည်။ ထိုသူတို့၏ ဇာတ်ညွှန်းများကိုဖတ်ခါ ခံစားတွေးခေါ် အတုယူသင့်သည်များ အတုယူရမည်။ ခိုးချခြင်းနှင့် အတုယူခြင်း မတူပေ။ အမူအရာ မည်သို့လုပ်ခိုင်းသွားသည်။ စကားပြောများကို မည်သို့ ချိတ်ဆက်သွားသည်။ ဇာတ်ကောင်တွေကို မည်သို့ မွေးဖွါး ရှင်သန်သွားသည် ဆိုသော အချက်များကို လေ့လာရန် ဆိုလိုပါသည်။
(၃ ) မိမိ၏ ဇာတ်အိမ်တည်ဆောက်ပုံ၊ မြှပ်ကွက်နှင့် လှည့်ကွက်များ ကို ခြုံငုံ သုံးသပ်ရမည်။ ဇာတ်အိမ်ကို လှပအောင် တည်ဆောက်နိုင်ရမည်။ လိုအပ်လျှင် အခန်းစဉ်များကို အကြမ်းချရေး၍ ပြင်ဆင်ရမည်။ ပါဝင်သော ဇာတ်ကောင်များ၏ ဆက်စပ်မှုများကို ချရေးပြီး ဗျူဟာချရမည်။ ပါဝင်သော ဇာတ်ကောင်များ၏ စရိုက်များကိုပါချရေးကာ ဇာတ်၏ ဦးတည်ရာတွင် မည်သည့်အချက်သည် အရေးပါပြီး ဇာတ်ကောင် အချင်းချင်း မည်သို့ ဆက်ဆံကြမည် မည်သည့်အတွက်ကြောင့်ဖြစ်ကြသည်ကို ချရေးရမည်။. ဇာတ်တစ်ခုလုံတွင် မည်သည့်အပိုင်းသည် အရေးအကြီးဆုံးလဲ၊ မည်သည့်နေရာတွင် ဟာကွက်ရှိနေသလဲ သုံးသပ်ရမည်။ ဤသို့ ပြင်ဆင်ပြီးသောအခါ_
၁။ ဇာတ်ညွှန်းကို ပုံစံချရမည်။
• ရုပ်ရှင်ပြသချိန်ကို အမြဲသတိထားရမည်။ ပုံစံကျ ရေးထားသော ဇာတ်ညွှန်း တစ်မျက်နှာသည် ယေဘူယျအားဖြင့် ပြသချိန် တစ်မိနစ်ကြာသည်။ ထိုသိုဆိုလျှင် နှစ်နာရီ ပြသချိန်အတွက် စာမျက်နှာ ၁၂၀ ခန့်ဖြစ်သည်။ Dramas ဆိုလျှင် ၂ နာရီဝန်းကျင်ဖြစ်သင့်သည်။ ဟာသ ဆိုလျှင် ၂ နာရီထက်တိုသင့်သည်။ တစ်နာရီခွဲခန်း ဖြစ်သင့်သည်။ • ရုပ်ရှင်ပြသချိန်နှင့်ပက်သက်၍ ပြသချိန် ၂ နာရီအတွင်း မဖြစ်နိုင်ပါလျှင် စာရေးဆရာ(ဝတ္ထု) နှင့် ဆက်သွယ်၍ ဖြတ်တောက်သင့်သည်များကို ညှိနိုင်းသင့်သည်။ ယုတ်တိမတန်ခြင်းများကို အတက်နိုင်ဆုံး ကျိုးစား ရှောင်ကျဉ်ရမည်။ မတတ်သာသည့် အဆုံးမှသာ ထည့်ရမည်။ ၂ နာရီကျော်နေ၍ မည်သို့လုပ်ရမည်မသိဘဲ ဝတ္ထုစာအုပ်ကို အပြန်ပြန် အလှန်လှန် လုပ်နေခြင်းဖြင့် အချိန်မဖြုန်းသင့်ပေ။
၂။ ဇာတ်ညွှန်းကိုရေးသည့်အခါ ဥဒေသ ၃ ခုရှိပါသည်။ ထိုဥပဒေသ ၃ ခုနှင့်အညီရေးရပါမည်။ ယင်း ဥပဒေသတို့သည် သီးခြားစီဖြစ်ပေမဲ့ အားလုံးပေါင်းလိုက်သောအခါ ဇာတ်တစ်ခုလုံး ပီပြင်သွားလေသည်။ • ဥပဒေသ( ၁ ): ဇာတ်ကောင်ကို မိတ်ဆက်ပေးရပါမည်။ ဇာတ်လမ်း၏ သဘာဝသည် ဟာသလား၊ အက်ရှင်လား၊ စိတ်ကူးယဉ်လားဆိုသည်ကို ပြရပါမည်။ ဇာတ်လိုက်သည်မည်သူဖြစ်သည်ကိုပြ၍ ဇာတ်၏ လှည့်ကွက်များကို ပြရမည်။ ဇာတ်လိုက်သည် ဇာတ်၏ မြှုပ်ကွက်ဆီ ဦးတည်သော အခါတွင် ဥပဒေသ (၂) ကိုဆက်ရမည်ဖြစ်သည်။ ဥပဒေသ (၁) သည် Drama ဆိုလျှင် စာမျက်နှာ ၃၀၊ ဟာသဆိုလျှင် ၂၄ မျက်နှာခန့်ရှိသင့်သည်။ • ဥပဒေသ( ၂ ): ဤအပိုင်းသည် ဇာတ်လမ်း၏ အဓိက အပိုင်းဖြစ်သည်။ ဇာတ်လိုက်သည် အခက်ခဲများနှင့်တွေ့မည်။ တဆင့်ခံ အကြောင်းအရာများ ထည့်နိုင်သည်။ အခက်ခဲဖြေရှင်းရန် အတွက် ဆက်စပ်အကြောင်းအရာများထည့်နိုင်သည်။နောက်ကြောင်းပြန်တာတို့ ဘာတို့ ထည့်နိုင်သည်။ ဇာတ်၏ လှည့်ကွက်များကို အထောက်ကူပြုမည့် အရာများဖြစ်သည်။ဤ ဥပဒေသ (၂) ပြီးသွားသောအခါ ဇာတ်လိုက်သည် ပြောင်းလဲနေရမည်။ ရင့်ကျက်လာတာတို့ ပါဝါရလာတာတို့၊ နားလည်မှုရလာတာတို့၊...တို့၊...တို့။ ဤ အပိုင်းသည် စာမျက်နှာ ၆၀ သို့မဟုတ် ၄၈ မျက်နှာ ရှိရမည်။ • ဥပဒေသ (၃): ဤ ဥပဒေသ (၃) တွင် ဇာတ်သည် ရုပ်လုံးပေါ်လာရမည်။ လှည့်ကွက်၊ မြှပ်ကွက်များ ဆက်စပ်ပြရမည်။ ဤအပိုင်းတွင် သိပ်အချိန်မဆွဲသင့်ပေ။ ဒုတိယ အပိုင်းတွင် ဇာတ်ကို ပြခဲ့ပြီးဖြစ်၍ ပြေပြစ်သော အရာများဖြင့် အဆုံးသတ်ရမည့်အပိုင်းဖြစ်သည်။ ယေဘူယျအားဖြင့် dramas အတွက် စာမျက်နှာ ၃၀ နှင့် ဟာသအတွက် ၂၄ မျက်နှာစီလောက်ရှိသင့်သည်။
၃။ အခန်းစဉ်ဆက် ဖန်တီးရမည်။ ဇာတ်လမ်း၏ ပင်မလှည့်ကွက်များ အားအထောက်ကူပြုသော ဆက်စပ် အခန်းများဖြစ်ရမည်။ ဤ အခန်းစဉ်များတွင် အစ၊အလယ်နှင့်အဆုံး သီးသန်ရှိပြီး အထူးပြုလိုသော ဇာတ်ကောင် တစ်ကောင်ကောင် ကို ကိုယ်စားပြုလေ့ရှိသည်။ ဤ အခန်းကဏ္ဍသည် စာမျက်နှာ ၁၀ မျက်နှာမှ ၁၅ မျက်နှာ အတွင်း ရှိသင့်သည်။ ဤအကြောင်းအရာများသည် ပင်မ ဇာတ်လမ်းနှင့် သီးခြားဖြစ်နေသော်လည်း မင်မ ဇာတ်လမ်းကိုပင် အထောက်အကူ ပြုလေသည်။
၎။ အခန်းစဉ်များကို စီစဉ် ရေးရမည်။ အခန်းစဉ်များသည် ဇာတ်လမ်း၏ အကြောင်းအရာများဖြစ်သည်။ အခန်းစဉ် ရွေးချယ်ခြင်းသည်လည်း အရေးကြီးပြီး မှန်ကန်စွာ ထားသိုခြင်းဖြင့် ဇာတ်ကားကို ပိုမို ဆွဲဆောင်မှု ရှိစေသည်။ အဓိပ္ပါယ်မရှိ ဇာတ်ကို အထောက်ကူ မပြုသော အခန်းစဉ်များကို ဖြတ်ထုတ်ပစ်ရမည်။ အဓိပ္ပါယ်မရှိသော အခန်းများသည် ဇာတ်ကို ဖျက်ဆီးသောအရာများဖြစ်သည်။
၅။ အခန်းစဉ်များရေး၍ စိတ်ကြိုက် စီစဉ်ပြီးသောအခါ ဇာတ်ညွှန်း အပ်သူ ထုတ်လုပ်သူ/ ဒါရိုက်တာကို ပြရသည်။ ( မြန်မာပြည်တွင်)။ ထုတ်လုပ်သူ/ ဒါရိုက်တာ သဘောကျမှသာ စကားပြောများကို စရေးရသည်။ (သဘောမကျရင် ပြင်ပေါ့။) အခန်းစဉ်များ ရေးပြီးပြီဖြစ်၍ အခန်းအလိုက် ပါဝင်သော ဇာတ်ကောင်များ အပြန်အလှန် စကားပြောခြင်းများ ရေးရသောအပိုင်းဖြစ်သည်။ သတိ အထားရဆုံးအပိုင်းဖြစ်သည်။ ဤအပိုင်းသည် ဇာတ်ညွှန်းရေးဆရာ၏ အရည်အချင်းကို ပေါ်လွင်စေသော အပိုင်းဖြစ်သည်။ ( ကျွန်တော် အပ်ဖူးသော ဇာတ်ညွှန်းဆရာကတော့ ကျွန်တော့ ဝတ္ထုထဲက စကားပြောများ ကူးရေးပေးသည်ကများသည်။ LOL) ။ ဇာတ်ကောင်တိုင်းတွင် သူတို့၏ မတူညီသော ပင်ကိုယ်ဇရိုက်၊ အသံနေအသံထား နှင့် အလေ့အထများကို ပေါ်လွင်အောင် ရေးရမည်။ • စကားပြောများသည် သိပ်လက်တွေ့ဆန်ခြင်းထက် ဇာတ်လမ်းကို ရှေ့ဆက်ဆွဲဆောင်ရန်နှင့် ဇာတ်ကောင် များကို ဖေါ်ကျူးရန်ဖြစ်သည်။ ( forwarding and developing အတွက်ဖြစ်သည်။) လက်တွေ့ဆန်လွန်းသော စကားပြောများသည် ခရီးမရောက်ဘဲ ဇာတ်လမ်း အတွက် အသက်မဲ့နေတတ်သည်။ ဤနေရာတွင် သဘာဝကျစရာ မလိုဘူးဟုဆိုလိုခြင်းမဟုတ်ဘဲ ဇာတ်ကို ရှေ့ဆက်ရေးကို ဦးစားပေးရန်ကို ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော် စကားလုံးကောင်းများရွေးချယ်လွန်းလျှင်လည်း ဇာတ်ပျက်စီးတတ်သည်။ ငသိုင်းများ ဟင်းဟုန် ဆိုသော စကားပုံကဲ့သို့ဖြစ်သည်။ • စကားပြောများ ရေးပြီးပြီ ဆိုလျှင် မိမိကိုယ်တိုင် အသံထွက်၍ ဖတ်ကာ ဇာတ်ကောင်များကဲ့ သို့ ပြောကြည့်ရမည်။ ( ကိုယ့်ကို အပြစ်မြင် ဝေဘန်သောသူရှေ့ ဖတ်က ပိုကောင်းသည်။) စိတ်တိုင်းကျပြီ ဆိုလျှင် ဇာတ်ကောင်များသည် မိမိပြောသည့်အတိုင်း ပြောစေရမည်။
၆။ ဤအဆင့်ရောက်လာသောအခါ မိမိ၏ အတွေးအခေါ် အားလုံး စာရွက်ပေါ် ရောက်ရှိလာပေပြီ။ စာစစ်သမား ကဲ့သို့ အားနည်းသော နေရာများကို စိစစ်ရမည်။ အဆက်ပြတ်နေမှုများ၊ ဆွဲဆောင်မှု နည်းနေသော အပိုင်းများနှင့် အချိန်ဆွဲနေသလို ဖြစ်သောနေရာများကို စိစစ်ရွေးထုတ်ရမည်။ ဇာတ်ကို ဦးမတည်တဲ့ စိတ်ဝင်စားစရာများ၊ မလိုအပ်သော အသေးစိတ်ဖေါ်ပြချက်များကို စိစစ်ရမည်။ ပရိတ်သတ်ကို လုံလောက်သော အကြောင်းပြချက် ပါသလားဆိုတာကို စစ်ရမည်။ သို့မဟုတ် လိုတာထက်ပို၍ ရှင်းပြထားသလား၊ ဆိုတာတွေ စိစစ်၍ ဖြတ်သင့်သည်များ ဖြတ်ထုတ်ပစ်ရမည်။
၇။ မိမိ၏ ဇာတ်ညွှန်းရေးပြီးပြီ ဆိုသောအခါ မိမိနှင့် ရင်းနှီးသူကို ပေးဖတ်စေသင့်သည်။ အမြင်မတူသော မိတ်ဆွေ ၂ယောက်လောက် ပေးဖတ်ဝေဘန်ခိုင်းလျှင် ပိုကောင်းသည်။ အားနာတတ်သောသူ ဟန်ဆောင်တတ်သောသူ မဖြစ်ရန် အရေးကြီးသည်။
၈။ နောက်ဆုံးဘိတ်အနေနှင့် မိမိ၏ ဇာတ်ညွှန်းကို အကြိမ်ကြိမ်ဖတ်၍ လိုအပ်သလို ပြင်ပါ။ အလွန် မလုပ်ဖြစ်( မလုပ်ဖြစ်) သော အလုပ်ဖြစ်သည်။ လုပ်ဖြစ်အောင်လုပ်ပါ။ ဤသို့လုပ်ခြင်းဖြင့် မိမိ၏ ဇာတ်ညွှန်းသည် ကောင်သည်ထက်ကောင်း၍ မိမိ၏ ရည်ညွှန်းချက်များသည်လည်း ပိုမို လေးနက် ခိုင်မာလာစေမည် ဖြစ်ပါသည်။
လေးစားစွာဖြင့်, ကိုစိုး Joojar film production.
Commentaires